Pages

Wednesday, December 30, 2009

အတ္တအရေခွံအောက်၌ နားခိုခြင်း

၂၁ ရာစုအစပိုင်း
အော်ငိုနေသော ငါက အ၀တ်ဗလာနဲ့  (အူဝဲ အူဝဲ)...။
(သို့ သော်)
လောကမှ အဓမ္မရောင်းချသော အရေခွံတစ်ခုကို
ငါ ၀ယ်ယူကောက်ဝတ်ခဲ့၏။ (အတ္တအရေခွံ)
လောကက ပြော၏ ``ဒါမှ လူစစ်စစ်´´ တဲ့....။

၂၁ ရာစုအလယ်ပိုင်း
အရေခွံအောက်မှ အသိတရားတစ်ခုဖြင့်
ထင်ရာစိုင်းသော ငါက
ရိုင်းပြမှုတွေနဲ့  မွေ့ပျော်နေခဲ့၏။
ရက်စက်ခြင်းတွေနဲ့ အဖော်အသင်းဖွဲ့ နေခဲ့၏။
ထိုသို့ ဖြင့်...
အရေခွံအောက်မှ အယူဝါဒတစ်ခုဖြင့်
``ငါ´´ တစ်လုံး ရှင်သန်ကြီးထွားလာခဲ့၏...။

၂၁ ရာစုနှောင်းပိုင်း
အရေခွံအောက်မှ ငါက ငါ့ကိုယ်ငါ ဆပွားရင်း
ငါဝတ်ဆင်ထားသော အရေခွံက ငါ့အပေါ် ပိကျလာခဲ့၏...။
ငါမွေးသော ငါ့ကို ငါက မထိန်းချုပ်နိုင်တော့
ငါနဲ့ ငါ့ချင်း ကပ်ငြိ...။
ငါ့က ငါကို ဆွဲဆုတ်ရန်ကြံလာတော့
နောက်ဆုံး၌ ငါ့ကိုယ်ငါပဲ အဆုံးစီရင်ခဲ့ရ၏...။

နောင်ရာစုများ
``ငါ..ငါ့´´တွေ ပိပြီးငါသေသွားသော်လည်း...
ငါ၏မှတ်တိုင်၊ငါ့အယူ ငါ့ဝါဒများကား
အရေခွံသစ်ကို ပြန်မွေးဖွားစေခြင်းနဲ့ 
အတ္တဖောင်းပွလာမှုကြောင့် ဆက်လက်ကျန်ရှိနေဦးမည့်
အရေခွံအောက်မှ
``ငါ့..ငါ´´စသော ငါအသေးစားကလေးများသာ ဖြစ်ချေတော့သည်။

* ၀သုန်ခါး

0 comments:

Post a Comment

Blogger templates