Pages

Thursday, December 10, 2009

ခိုနားရာမဲ့

နီရင့်ရင့်သစ်သီးတစ်လုံး၏ ပုတ်သိုးမှုသည်လည်းကောင်း...
ဝတ်ရုံလဲနေသော
ကောက်ကျစ်ခြင်းများသည်လည်းကောင်း...
သစ္စာမဲ့ခဲ့ဖူးသော နှတ်ခမ်းတစ်စုံ၏
ရိုးအမှုသည်လည်းကောင်း...
ရာသီမမှီတော့သော အိမ်မက်တစ်ခု၏
ဆန်းသစ်မှုသည်လည်းကောင်း...
လူ့ကျင့်ဝတ်ဆိုသော အရာတစ်ခုနှင့်
မကိုက်ညီသော ငါသည်လည်းကောင်း...
လမ်းပျောက်နေသော
အိပ်တန်းပြန်ဆိုက်ဘေးရီးယားငှက်တစ်အုပ်သည်လည်းကောင်း...
ဆီခမ်းခြောက်နေသော
မျှော်လင့်ခြင်းမီးအိမ်ငယ်သည်လည်းကောင်း...
ပြတ်တောက်တောက်
သံယောဇဉ်စမ်းချောင်းငယ်တစ်ခုသည်လည်းကောင်း...
မုန်တိုင်းမိနေသော
တံငါလှေလေးတစ်စင်း၏ထိတ်လန့်မှုသည်လည်းကောင်း...
မိဘမဲ့၊ အစွန့်ပစ်ခံ
ကလေးတစ်ချို့ ၏ ငိုကြွေးတိုးတိတ်သံသည်လည်းကောင်း...
ကြေးစည်ထုသံနှင့်အတူ
အိမ်နီးချင်းအဒေါ်ကြီး၏ မေတ္တာပို့၊
အမျှဝေသံသည်လည်းကောင်း...
ဖြတ်တောက်ခံလိုက်ရသော
ဆံနွယ်တစ်ခု၏ညို့ ချက်အောက်၌
ယစ်မူး၊ လွမ်းဆွေးနေမိသောငါသည်လည်းကောင်း...
ပေါင်မုန့်တစ်ခြမ်းအတွက်
အသက်စတေး၊ တိုက်ပွဲဝင်နေကြသူများသည်လည်းကောင်း....
နှင်းဆီဆေးလိပ်မီးခိုးများကြားမှ
လူငယ်တစ်ချို့၏
စာရိတ္တမှတ်တမ်းသည်လည်းကောင်း...
ထမင်းတစ်နပ်အတွက်
ဘ၀နှင့် အသာပြာလဲနေကြသော မီးရောင်အောက်မှ
မိန်းကလေးတစ်ချို့ ၏ကိုယ်ကျင့်တရားသည်လည်းကောင်း...
B.Ed ကင်တင်းထဲက
နှင်းကျနေသော ပလိန်းတစ်ခွက်၏
ခါးသက်မှုသည်လည်းကောင်း...
ပစ္စုပ်ပန်မရှိခဲ့သော
လူတစ်ဦး၏ အနာဂတ်သည်လည်းကောင်း...
သေမိန့်ကျခံရပြီးသော
အကျဉ်းသားတစ်ဦး၏အယူခံလွှာသည်လည်းကောင်း...
ဆံပင်ရှည်ရှည်ကောင်မလေးတစ်ဦး၏
ရီဝေေ၀အပြုံးကို
ခိုးငေးကြည့်နေမိသော ငါ၏ရုးသွပ်မှုသည်လည်းကောင်း...
ဟိုဟိုဒီဒီနှင့် တောင်စဉ်ရေမရ
လျှောက်ရေးနေမိသော
ငါ၏ပေါ့ပျက်ပျက်စာစုများသည်လည်းကောင်း...
ခြုံနွယ်ပိတ်ပေါင်းများနှင့် ထူထပ်နေသော
ဟိုတစ်ချိန်က ငါ့ကြွေကွဲနန်းတော်ရာသည်လည်းကောင်း...
ဖြစ်သင့်သည်ထက် ဖြစ်ချင်သည်ကို ဦးစားပေးခဲ့သော
သိုးမည်းတစ်ကောင်၏
ရင်ကွဲပက်လက် နိဂုံးသည်လည်းကောင်း...
ထို့အတူ
ငါ၏မသိစိတ်နောက်ကွယ်၌ ဖြစ်ပေါ်နေသော အသိစိတ်များနှင့်
ပစ်ချက်လွဲချော်သွားသော ခပ်ပြင်းပြင်းအယူဝါဒများ...
အားလုံး...
အားလုံး.........သည် သံသရာ၏
လမ်းခုလတ်တစ်နေရာ၌
ခိုနားရာမဲ့နေကြသည်.......။

* ၀သုန်ခါး

0 comments:

Post a Comment

Blogger templates