Pages

Wednesday, December 5, 2012

သထုံလမ်းက အဖြူရောင်တမ်းချင်း

ဟိုတုန်းကတော့ 
နေခြည်တွေ ဖူးသစ်စ ခပ်နွေးနွေးသထုံလမ်းမှာ
ပန်းခင်းတွေ ဖိနပ်လုပ်စီး၊
သံယောဇဉ်ထီးလေးတွေ ကိုယ်စီဆောင်းရင်း
လေပြည်ကို တေးဖွဲ့ လို့ လျှောက်ကြတယ် ......။

အခုတော့ ရင်ရော်တဲ့ နေ့ လည်ခင်း..
ဒီအချိန် လှောင်မြိုက်လို့ လုံးပါးပါးရတဲ့ ဘ၀မှာ
တိမ်ယူရာ လွင့် ၊ လေယူရာ မျော
အိမ်ပြန်ချိန် မျက်ဝန်းမှာ တိမ်ညိုတွေ ထွန်းရင်း
ကံမကုန် ပြန်ဆုံရဖို့ သာ ဆုတောင်းကြရတယ်....။

နောင်တစ်ချိန် နွမ်းအိုတဲ့  ညနေခင်း ...
ပြာနှမ်းနှမ်း အလွမ်းတွေ ဆည်းဆာနဲ့ ဆေးရအောင်ပါ့
ကံမကုန် ပြန်ဆုံဖြစ်ရင်သာ
ပစ္စည်း ၊ ဥစ္စာတွေ စီးမလာကြေး ...
ရာထူး ၊ ဂုဏ်ပကာဿနတွေ ဆောင်းမလာကြေး ...
အတိတ်တွေ ခြေရာထင်ဆဲ သထုံလမ်းမှာ
ဟိုးအရင် အဖြူရောင်တေးသွားတွေ
သံပြိုင်တူ ဆိုညည်းရင်း လျှောက်ကြမယ်လေ .....။

                                        * ၀သုန်ခါး
                                 ( ၁.၈.၂၀၁၁ နေ့ ၊ 4.2 မှ သူငယ်ချင်းများအား နှုတ်ဆက်ခြင်းအမှတ်တရ)

0 comments:

Post a Comment

Blogger templates